ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။"
ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Sunday, June 9, 2013

Wet dream (2) အိပ်နေတုံးမှာ သုက်ထွက်တာ (၂)

Sun, Jun 9, 2013 at 7:52 AM
ကျွန်တော် ညအိပ်တဲ့အချိန် သုက်ထွက်တာနဲ့ပါတ်သတ်ပြီးတော့ မြန်မာနိုင်ငံကနေ လိင်ကျွမ်းကျင်ဆရာဝန်နဲ့ရော စိတ်ရောဂါဆရာဝန်တွေနဲ့ပါ ပြသပြီးသွားပါပြီး။ တစ်ကိုယ်လုံးလဲစစ်ပြီးပါပြီး။ ဘာရောဂါမှမရှိဘူးလို့ ပြောပါတယ်။ ဆရာဝန်တွေက ပထမအိပ်ဆေးတွေနဲ့ အားဆေးတွေပေးတယ်။ ဒါပေမယ့် အိပ်ဆေးသောက်လဲထွက်တာပါပဲ။ အကြိမ်တော့ နည်းနည်းလျှော့သွားပေမယ့် ဆေးဖြတ်လိုက်တာနဲ့ ပြန်များလာပါတယ်။ နောက်ဆုံး ဆရာဝန်တွေက Masterbation သုံးရက်တစ်ကြိမ် လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေတော့ စစချင်းမထွက်ပေမယ့်နောက်နားတဲ့ရက်မှာ အိပ်စဉ်သုတ်ပြန်ထွက်ပါတယ်။ အဲ့လိုထွက်ပြီးရင် ပိုလို့တောင် မထူနိုင်မထနိုင်ဖြစ်ရပါတယ်။ နောက် Masterbation နဲ့ အိပ်တဲ့အချိန်သုတ်ထွက်တာနဲ့က မတူပါဘူး။ အိပ်တဲ့အချိန်သုတ်ထွက်တာက ကျွန်တော့်အတွက် အရမ်းကို စိတ်ကျပြီး မနက်ကျရင်မထနိုင်သလို ဖြစ်ပါတယ်။ အခုဆို ညဘက်သုံးရက်တစ်ကြိမ်လောက်ထွက်တာ ၅ နှစ်လောက်ရှိပါပြီ။ ဆရာဝန်တွေက နောက်ဆုံးနိုင်ငံခြားမှာသွား ခွဲစိတ်မှရမယ်လို့ ပြောပါတယ်။ အကောင်းဆုံးနည်းလမ်းကို စဉ်းစားပေးပါအုံးဆရာ။

အိပ်နေတုံးမှာ ယောက်ျားလေး၊ ယောက်ျားကြီးတွေ သုက်အလိုလိုလို ထွက်တာကို Sexual dreams အိပ်မက်ပြာ၊ Wet dream အိပ်မက်အတွင်းစွပ်စိုခြင်း၊ Nocturnal emission အကာလမှာ သုက်ထွက်တာစသဖြင့် ခေါ်တယ်။

အိပ်မက်ဆိုတဲ့သဘောက Intense activity တခုခုလုပ်ခြင်ဇောကြီးလို့လဲ ဖြစ်နိုင်တယ်လို့ ယေဘုယျပြောနိုင်တယ်။ အိပ်မက်တိုင်းက အဲလိုမျိုး အမြဲတန်းမှန်တာတော့ မဟုတ်ပါ။ Subconscious minds မသိစိတ်မှာ ကိန်းအောင်းနေတာလို့ ယူဆချက်လဲရှိတယ်။ သိစိတ်ကနေ ကိုယ့်ကိုယ်ကို (ဆင်ဆာ) မလုပ်နိုင်ပါဆိုတဲ့အယူအဆနဲ့ လုပ်နိုင်တယ်အယူအဆမှာ မတူတာ ရှိပါတယ်။ အတိတ်နိမိတ်ကောက်ကြတာကလဲ အရပ်စကား လူပြောများတယ်။

လိင်ပိုင်းဆိုင်ရာမှာ ပိုပိုပြီးပွင့်လင်းမှုရှိလာတဲ့ အခုခေတ်အခြေအနေမှာတောင်မှ လူ့စိတ်သဘာဝကို ခေတ်ယဉ်ကျေးမှုက မကျော်နိုင်ပါ။ ငါ့ဘာမှဖုံးစရာမလိုဘူးလို့ ယူဆသူတွေဟာ တကယ်တော့ စိုးရိမ်သောက ရှိနေတာ သူကိုယ်တိုင်မသိပါ။

လိင်စိတ်ဆိုတာ Human drives လူ့စိတ်စေ့ဆော်မှုတွေထဲမှာ အင်အားအကြီးဆုံးလို့ မှတ်ယူတာမို့ အိပ်မက်ထဲမှာ ပါတာ သဘာဝကျတယ်လို့ဆိုပါတယ်။ လိင်အိပ်မက်ကို ယောက်ျား၊ မိန်းမ မက်ကြပါတယ်။ Dr. David Delvin နဲ့ Christine Webber တို့တွဲရေးခဲ့တဲ့ The Big 'O' - Understanding and Improving Your Orgasm and Your Partner's စာအုပ်ထဲမှာ မိန်းမတွေမှာ Orgasms လိင်ဆန္ဒပြည့်ဝတဲ့အထိ မရောက်ကြဘူးလို့ပါခဲ့တယ်။ ဒါပေမဲ့ စာရေးသူတွေဆီကို တုံ့ပြန်စာရေးတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ပထမဆုံး (အော်ဂဇင်) ကို အိပ်မက်မက်ရင်း ရတယ်လို့ဆိုပါတယ်။ Dr Alfred Kinsey ရဲ့ သုတေသနအရ ၂၁ နှစ်ကနေ ၂၅ နှစ်ကြား ယောက်ျားတွေမှာ ၇ဝ% ကျော်မှာ အိပ်မက်ထဲမှာ လိင်နဲ့ဆိုင်တာမက်ပြီး သုက်လွှတ်ကြတယ်လို့ ဆိုပါတယ်။ အသက်ရလာရင် နည်းလာတယ်။ လုံးဝ မဖြစ်တော့တာလဲ မဟုတ်ပြန်ပါ။

မြန်မာနိုင်ငံက ယောက်ျားလေးတချို့မှာ အဲလိုဖြစ်နေလို့ စိတ်ရတ်သူ၊စိတ်ပျက်သူ၊ စိတ်ထခိုက်သူတွေရှိတယ်ဆိုတာကို ဒီ (ဘလော့ခ်) အမေးအဖြေတွေအရ သိရပါတယ်။ ဖါသိဖါသာနေသူတွေက မေးစရာလို့ထင်ကြပါ။ သူတို့လိုနေတတ်တာ မှန်ပါတယ်။ စိတ်ဓါတ်ကျနေသူတွေအတွက်တော့ သတင်းကောင်းမဟုတ်တာ ရေးပါရစေ။ အဲလိုဖြစ်နေတာကို ပျောက်စေဆိုတဲ့ဆေး မရှိသေးပါ။ ဆောရီး။ ညဝတ် အဝတ်အစားတွေ ပေကျံနေလို့ စိတ်ပျက်တယ်ဆိုသူကို မညှာမတာပြောတဲ့ ဆရာဝန်ကတော့ အတွင်းခံ တိုတိုလေးသာဝတ်ပါလို့ဆိုပါတယ်။

အားငယ်စရာကို ပြောပြီးနောက် ဒီလိုဖြစ်နေလို့ ကျန်းမာရေးထိခိုက်စရာမရှိပါဆိုတာ ပြောပါရစေ။ အာရှတိုက်က ယောက်ျားလေးတွေက ပိုးရိမ်တတ်ကြတယ်လို့ ဆိုပါတယ်။ အားနည်းသွားတယ်လို့ ထင်ကြလို့ဖြစ်တယ်။ သူငယ်ချင်းချင်းလဲ အဲလိုပြောလေ့ရှိကြတယ်။ လိင်ပိုင်းဆိုင်ရာ ဆေးပညာသုတ ဖြန့်တာတွေက နည်းတာရော၊ မထိရောက်တာရော၊ မမှန်တာတွေရောကြောင့် အထင်မှား၊ အပြောမှား၊ အလုပ်မှားနေကြတာ စိတ်မကောင်းပါ။

ယောက်ျားတယောက် သုက်ရည်ထွက်ရင် ချက်ချင်း ဘာဆိုဘာမှ မလုပ်ချင်အောင် ပုံကျသွားတယ်။ တခါတည်း ဘာကလေးတခုမှတောင် တွေးမနေချင်အောင် လူအလုပ်-စိတ်အလုပ်မှန်သမျှ နားလိုက်ချင်တော့တယ်။ အားအင်မှန်သမျှ တစက်ကလေးမှ မကျန်အောင် ကုန်ခမ်းသွားသလိုနဲ့တူတယ်။ အဲ့ ဒီလိုမမြဲမဖြစ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲလိုအချိန်မှာ ထပြေးစရာ၊ ခုန်ချစရာ စတာမျိုးကြုံလာရင် ထပြေးနိုင်၊ ခုန်နိုင်ပါတယ်။ အဲ့ မနားရရင်တော့ နားဘို့လိုပါတယ်။ နားလိုက်ရင်လဲ အားပြန်ပြည့်ပါတယ်။ ဆေးသိပ္ပံနည်းကျပြောရရင် ဒီလို အလိုလိုသုက်လွှတ်ခြင်းဟာ Body's natural response to its hormones ဟော်မုန်းဓါတ်တွေကို ခန္ဓာကိုယ်ကနေ အလိအလျှောက်တုံ့ပြန်မှုလုပ်ငန်းကို ဆောင်ရွက်တာသာဖြစ်ပါတယ်။ မိန်းကလေးတွေ လစဉ်ရာသီဆင်းသလိုသဘောနဲ့ ဆင်ပါတယ်။ အိပ်နေချိန်မှာ သုက်လွှတ်တာကြောင့် (၁) ကျန်းမာရေးနဲ့ (၃) နောင်တချိန်မှာ သားသမီးရနိုင်ရေး မထိခိုက်ပါ။ ဘာသာရေးကနေ လိင်မှုဆက်ဆံရေးအပေါ်မှာ အယူအဆတွေ မတူကြပါ။ မွတ်ဆလင်အဆုံးအမမှာ ဒီလိုဖြစ်တာကို Satan ကလုပ်တာ အကုသိုလ်ပါလို့ ဆိုထားပါတယ်။

ဘာလုပ်ရမလဲ
• တချို့က သဘောကျပြီး ရယ်ရတယ်လို့ထင်ပါတယ်။
• Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ။
• Antidepressants စိကျရောဂါဆေးကနေ ကောင်းသွားနိုင်ပါတယ်။
• တကယ်လို့ အဲလိုဖြစ်နေတာကို ရောဂါကြီးလို့ ထင်နေတာ မဟုတ်ပါဘူးပြောလဲ စွဲထင်နေသူတွေကတော့ စိတ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ Therapists စိတ်ကုရာဝန်၊ Hypnotherapists အိပ်မွေ့ချဆရာဝန်တွေ ကုသပေးနည်းတွေက မတူကြပါ။
• အိက်မက်ထဲမှာ ကိုယ်ချစ်ခင်စွဲမက်သူတွေကို မက်ရာကနေဖြစ်တာကို Dreams of love လို့ခေါ်တယ်။ ဒါပေမဲ့ တခါမှ မတခါဘူးသူတယောက်ယောက်ကို အိပ်မက်ထဲလာပေါ်တာမျိုးလဲရှိပါတယ်။ လိုအပ်ရင် Relationship therapist ကုသပေးတဲ့ဆရာဝန်နဲ့ကုရပါမယ်။

Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ http://dts-medicaleducation-adult.blogspot.in/2012/03/wet-dream.html

ဒေါက်တာတင့်ဆွေ
၉-၆-၂ဝ၁၃

Read more...

Monday, June 3, 2013

ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခြင်း

“ပြောမဆုံးပေါင် တောသုံးထာင်” ဆိုတာက ဆိုရိုးစကား။ “ပြဿနာပေါင်း သောင်းခြောက်ထောင်” ဆိုတာက ဖဆပလ ခေတ်မှာ ရေပမ်းစာခဲ့တဲ့ နိုင်ငံရေးအသုံး။ သီချင်းစပ်ရင် “မန်ကျီးကိုးပင်”၊ “သဲကိုးဖျာ”၊ များတာတွေကို စာဖွဲ့ကြပါတယ်။ မြန်မာပြည်မှာ ပြောစရာတွေ များသလားမမေးနဲ့။ သိတာလေးသာ ရွေးပြောပါမယ်။ အမှန်က “ကိုယ့်ပေါင်ကိုယ် လှန်ထောင်း” မှာပါ။ တင်စားချက်ကို ရေးသာရေးရတယ်၊ ခုခေတ်မှာ မြန်မာစာကအစ ပြောစရာဖြစ်နေလို့ “ဒီဆရာဝန် ညောင်းလို့ ထောင်းတယ်” လို့ ထင်နေကြမလား မပြောတတ်ပါ။

တူမတယောက်ဆီက သတင်းရတယ်။ သူ့မှာ “ရင်သားကင်ဆာ အဆင့် (၂)” တဲ့။ ဝတ္တရားလဲရှိ၊ ဆွေမျိုးတွေ မတွေ့ရတာကလည်း ကြာလှပြီ၊ တူမရဲ့ အမေ၊ သူ့အဒေါ် နှစ်ယောက်ကလဲ ရင်သားကင်ဆာနဲ့ ဆုံးပါးသွားကြပြီးပြီ၊ (အင်ဂျလီနာ ဂျိုလီ) အသားမြက်နှစ်ဖက် ခွဲစိတ်ထုတ်ပြစ်လိုက်တဲ့သတင်းနဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုတော့ “ဒီကိုသာ လာကုလှည့်” လို့ ခေါ်လိုက်ပါတယ်။

သူ့ဖါသူ ရင်သားမှာ အကျိတ်စမ်းတာနဲ့ ချက်ချင်း ဆိုသလို ဒေါက်တာ (့) ဦးစီးပြီးဖွင့်ထားတဲ့ (့) ပုဂ္ဂလိကဆေးတိုက်ကို သွားပြပါတယ်။ ဆရာဝန်ကလဲ ချက်ချင်းပါဘဲ နောက်ရက်မှာ ရင်သားကအကျိတ်ကို ခွဲထုတ်လိုက်ပါတယ်။ ခွဲထားတာကို (ဘိုင်အော့ပ်စီ) လုပ်ဘို့ ဓါတ်ခွဲခန်းကို ကိုယ်တိုင်ပို့၊ အဖြေကို ကိုယ်တိုင် ရွေးစေပါတယ်။ ခွဲအပြီး ၄ ရက်မှာ အဖြေစာရွက် ယူပြီး တခေါက် ထပ်ပြတော့ “နို့ပြွန်ကင်ဆာ အဆင့် ၂” တဲ့။ နောက်ရက်လာခဲ့ ရင်သားတဖက်လုံးကို ထုတ်ပြစ်ရမယ်။ မြန်မြန်လုပ်ပေးတဲ့ ဆရာဝန်ကို ကျေးဇူးတင်ရမလိုပါဘဲ။

အဲဒီညမှာ ကျွန်တော်တို့ဖုန်းရပါတယ်။ မလာခင် ဆေးစစ်ချက်တွေကို (စကင်) လုပ်ပို့ခိုင်းတော့ Infiltrative ductal Carcinoma (B-R Histologic grade II), breast left လို့ဖတ်ရပါတယ်။ “ဝဲဘက်ရင်သားမှာ တိုးပွါးနေတဲ့ နို့ပြွန်ကင်ဆာ (အနုစိတ်ကြည့်ခြင်း အဆင့် ၂)” လို့ အဓိပ္ပါယ်ရပါတယ်။ သေချာပြီ၊ ကင်ဆာဘဲ။ ဘာဘဲဖြစ်ဖြစ်ကွာ လာသာလာခဲ့။ ဒို့ မျက်စိအောက်မှာတင် ဒုက္ခသည်တယောက် ရင်သားကင်ဆာ ဒေလီမှာကုတာ ကောင်းနေပြီ။ အခုဆို အမေရိကားကို အခြေချနေဘို့ သားအမိနှစ်ယောက်လုံး ရောက်သွားကြပြီ။

အဲဒီ အမျိုးသမီးဆိုရင် (တီဘီ) ရှိလို့ကုရ၊ ဆီးချိုရှိလို့လဲကုရနဲ့။ ချီးကျူးဘို့ကောင်းတာက သူ့စိတ်ဓါတ်ခိုင်မာမှုနဲ့ သူပါဝင်တဲ့ အဖွဲ့အစည်းနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကနေ ဝိုင်းကြဝန်းကြတာ ဖြစ်တယ်။ ဒေလီရဲ့ ပူပျင်းလွန်းလှတဲ့ နွေလည်ခေါင်မှာ တနာရီကားစီးရတဲ့ အကွာမှာရှိတဲ့ အစိုးရဆေးရုံကြီးရှိရာကို အခေါက်ခေါက်အခါခါသွားရတယ်။ ရောက်ပြန်တော့ လူတန်းရှည်ကြီးမှာ ဝင်ပြီးတန်းစီရတယ်။ ဒေလီကို လာသူသူတိုင်းကို စိတ်ရှည်ဘို့၊ သည်းခံဘို့၊ အောင့်အီးတတ်ဘို့ ဆိုတဲ့ “ဒူးစ်-အင်-ဒုန့်စ်” လမ်းညွှန်ချက်ဟာ ထုံးစံပါ။

ဆေးရုံ ကြိုတင်ရွေးရပါတယ်။ All India Institute Of Medical Sciences (AIIMS) ဆိုတာက အစိုးရဆေးရုံလဲဖြစ်၊ အကြီးဆုံးဆေးရုံလဲဖြစ်တယ်။ Safdarjung Hospital အစိုးရဆေးရုံမှာ ပြောခဲ့တဲ့ အမျိုးသမီးရဲ့ ရင်သားကင်ဆာကို ကုခဲ့တာပါ။ Deen Dayal Upadhyay Hospital (DDU) ဆိုတာ မြန်မာဒုက္ခသည်မှန်သမျှ မသိမရှိကြပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးလဲ ဒီလိုဆေးရုံသွားမှ ဘောင်ဝင်သတဲ့။ Mata Chanan Devi Hospital ဆေးရုံကိုလဲ အလတ်စားအဆင့် သင့်တော်တဲ့ဆေးရုံဖြစ်ပြီး အနီးအနားမှာရှိလို့ မြန်မာတွေအဖို့ အားကိုးကြရပါတယ်။

မြန်မာပြည်ကနေ အသဲအစားထိုး၊ ကျောက်ကပ်အစားထိုး စတဲ့ရောဂါသည်တိုင်း အများဆုံး လာကုကြလေ့ရှိတဲ့ ဆေးရုံတွေကတော့ ပုဂ္ဂလိက အကောင်းစားဆေးရုံတွေဖြစ်တဲ့ Apollo hospital ဆေးရုံ၊ Sir Ganga Ram Hospital ဆေးရုံ၊ Medanta Medicity Gurgaon ဆေးရုံ စတာတွေကတော့ ဖိုက်စတားတွေ ဖြစ်တဲ့အတိုင်း ဈေးကြီးပါတယ်။ ဆေးကုတဲ့အလုပ်ဟာ တကမ္ဘာလုံးမှာ အတော်အလုပ်ဖြစ်တဲ့ စီးပွါးရေးလုပ်ငန်းကြီး ဖြစ်နေပါပြီ။ ရန်ကုန်၊ မန္တလေး၊ ဒေလီမှာ ရှိကြတဲ့ အေးဂျင့်ဆိုသူတွေနဲ့ ဆက်သွယ်ကြရတယ်။ အေးဂျင့် ဆိုတာတွေက ဗုဒ္ဓဂါယာကို ဘုရားဖူးလာကြရသလိုဘဲ အဆင်ပြေတဲ့အခါပြေ မပြေကြတာကများတယ်။ “ဘုရားဖူးပို့တာ၊ ဆေးကုဘို့ ကူညီတာတိုင်း ကုသိုလ်လဲရ ဝမ်းလဲဝလို့ မပြောနိုင်ဖြစ်နေပါတယ်။” ဆေးကုလာသူများရဲ့ ဒုက္ခအကြောင်း စာတပုဒ် ရေးမလားလို့ စိတ်ကူးထားပါတယ်။ တိုင်းတပါးကို ဆေးကုလာသူများအတွက် အကျိုးဆောင်ဘို့ရာ သီတဂူဆရာတော်လို၊ ဦးကျော်သူလို လုပ်ပေးနိုင်သူများရှိရင် သိပ်ကောင်းမှာဘဲလို့ အခါခါစဉ်းစားနေမိပါတယ်။

ရင်သားကင်ဆာ ဆက်ရေးပါမယ်။ ကင်ဆာဆေးရုံတွေကို သပ်သပ်ရှာတော့ Rajiv Gandhi Cancer Institute & Research Centre ကိုလဲ ထည့်စဉ်းစားပါတယ်။ မြန်မာဒုက္ခသည် အမျိုးသားတဦး လည်ချောင်းကင်ဆာ ကုသဘူးတယ်။ အခုဆိုရင် တတိယနိုင်ငံ ရောက်နေပြီး၊ ရေဒီယိုကနေ သူ့အသံ (နဲနဲသြနေတာ) ကို မကြာမကြာ ကြားနေရပါတယ်။ အဲဒီကို သွားရတာလဲ မဝေးဘူး။ အစိုးရတပိုင်း၊ ပုဂ္ဂလိကတပိုင်းဖြစ်ပြီး၊ ဈေးလဲ မများလှပါ။ အဆင့်လဲ မြင့်ပါတယ်။

“ဘယ်အရာမဆို ကံတရား အားကိုပါ” လို့ သိပ္ပံနည်းကျ ဆေးပညာသင်ထားရသူ ကျွန်တော်က အမြဲအကြံပြုလေ့ရှိတာကို ကျန်းမာရေး မေးဘူးသူတွေ သိကြမှာပါ။ ဆေးကုလာတဲ့ တူမကို (ရာဂျစ်ဂန္ဒီ) ကင်ဆာဆေးရုံကို ခေါ်သွားဖြစ်ပါတယ်။ ဆွေတွေမျိုးတွေနဲ့တိုင်ပင်ပြီး အိန္ဒိယကိုဆေးလာကုဘို့ကို ရွေးချယ်ခဲ့တာ၊ ဒီဆေးရုံရွေးဖြစ်သွားတာ ဆိုတဲ့နှစ်ချက်ဟာ သူမရဲ့ ကျန်းမာရေး၊ သူမရဲ့ နောက်ထပ်အသက်ရှင်နေရမဲ့ကာလတွေကို ပြဋ္ဌာန်းပါတော့မယ်။

ရင်သားကင်ဆာဆိုရင် (၁) ကင်ဆာ ဟုတ်-မဟုတ်နဲ့၊ ဟုတ်နေရင် ဘယ်အဆင့်ရှိပြီ၊ ဘယ်ကိုပြန့်နေပြီ စတာတွေကို အရင်ဆုံး စစ်ဆေးရပါတယ်။ (၂) စစ်ဆေးမှုအဖြေတွေကို စုပေါင်းပြီး ဘယ်လိုနည်းတွေနဲ့ ဆေးကုမလဲ ဆိုတာကို (ကင်ဆာ ခွဲစိတ်အထူးကု + ဓါတ်ရောင်ခြည်အထူးကု + ကင်ဆာသမားတော်) တွေကနေ အတူထိုင် တိုင်ပင်ပြီးနောက်မှာ (၃) ဆရာဝန် + လူနာ၊ လူနာရှင်နဲ့ ဆွေးနွေးရပါတယ်။

ဆေးရုံမှာ မှတ်ပုံတင်လို့ရအောင် ကြိုးစာမှုတွေ အပူတပြင်းလုပ်ပြီးတာနဲ့ ဆေးစစ်မှုတွေ စလုပ်ပါတော့တယ်။ သွေးစစ်တယ်။ Memogram (မင်မိုဂရမ်) ရိုက်တယ်။ Biopsy အသားစထုတ်ယူပြီး အနုကြည့်မှန်ဘီလူးနဲ့စစ်ဆေးတာ လုပ်တယ်။ ECG နှလုံးစက်ရိုက်တယ်။ Chest X-ray ရင်ပတ်ဓါတ်မှန်ရိုက်တယ်။ Abdomen Ultrasound ဝမ်းဗိုက် (အာလ်ထွာဆောင်း) ရိုက်တယ်။

Memogram (မင်မိုဂရမ်) ရိုက်တဲ့အခါ ဆရာဝန်က လူနာနောက်ကြောင်းရာဇဝင်ကို ထွက်မေးလာပါတယ်။ မြန်မာပြည် (့) မြို့မှာ ခွဲထုတ်ထားတာ၊ ငယ်ငယ်တုံးက ရိုးရိုး ရင်သားအကျိတ် ခွဲထုတ်ဘူးတာကိုလဲ ပြောပြပါတယ်။ ဆရာဝန်က နုတ်ကနေပြောပါတယ် “ကင်ဆာ မတွေ့ဘူး” တဲ့။ နားရွက်မခတ်ရဲပါ။ စာရွက်နဲ့အဖြေလဲမရသေး။ ကျန်တဲ့အဖြေတွေလဲ မရသေးပါ။ ဒါနဲ့ Biopsy အသားစထုတ်ယူတာကို သွားတော့ ဘာမှ မတွေ့ပြန်ဘူးတဲ့။ မြန်မာပြည်မှာ ပြောထားတာက ကင်ဆာ အဆင့် (၂) ဆိုတာမို့၊ (ဘိုင်အော့ပ်စီ) ကို နှစ်ခါပြန် စစ်ပါတော့တယ်။ အဖြေယူဘို့သွားပြန်တော့ အရင် ဆရာဝန်ထက် အဆင့်မြင့်သူဆရာဝန်ကနေ ကိုယ်တိုင် ထပ်လုပ်ပြန်ပါတယ်။

အားလုံးအဖြေတွေ ရလာပါပြီ -
• Blood tests သွေးစစ်ချက်များ = လည်ပင်းကြီးဟော်မုန်း၊ ဆီးချို၊ Anti HCV (စီ) ပိုး၊ HBsAg (ဘီ) ပိုး၊ HIV အားလုံးကောင်းပါသည်။
• Chext X-ray ရင်ပတ်ဓါတ်မှန် = ပုံမှန်။
• USG Whole abdomen ဗိုက်တခုလုံး (အာလ်ထွာဆောင်း) = ကင်ဆာကနေပြန့်လာတဲ့လက္ခဏာ တစုံတရာ မရှိပါ။
• Mammography BI-RADS (Breast Imaging-Reporting and Data System) = 0 ရင်သားပုံဖေါ်ခြင်း အစီရင်ခံချက် ဒေတာ စနစ် = သုည။ Bilateral dense breasts ရင်သားနှစ်ဖက် တင်းခဲမှုရှိနေသည်။ Suggest: USG Breast Correlation အကြံပြုချက် = ရင်သားကို (အာလ်ထွာဆောင်း) ရိုက်ခြင်းနဲ့ တွဲဖတ်ပါ။
• FNAC (Fine needle aspiration cytology) from left breast, Opinion = No Atypical/Malignant cell seen. Features are suggestive of Inflammatory/Reparative lesion. အပ်သေးဖြင့် စုပ်ယူပြီး ဆဲလ်များကို လေ့လာခြင်း = မူမမှန်သော/ကင်ဆာဆဲလ်များ မတွေ့ရှိ။ သွင်ပြင်များသည် ရောင်ရမ်းဖြစ်စဉ်၊ ပြန်လည် အနာကျက်ဖြစ်စဉ် အနာဖြစ်သည်။

“မြန်မာပြည်မှာ အဆင့် ၂ ရောက်နေသူကို ဒေလီမှာ ဆေးစစ်တော့ ကင်ဆာ ရှာမတွေ့ပါ။ ဘယ်မှာ မှားနေပါသလဲ။”

ရင်သားတင်းခဲမှုဆိုတာ ခွဲထုတ်တာက ၁ ခါ၊ (ဘိုင်အော့ပ်စီ) ၃ ခါ လုပ်ထားရလို့ ရောင်ရမ်းဖြစ်စဉ်ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုးသေဆေး၊ အနာ-အရောင်ကျဆေး၊ ၄ မျိုး ၅ ရက်သောက်စေပါတယ်။ “ခုချိန်မှာသာ ဒီလူနာ မြန်မာပြည်မှာ ဆိုရင် ရင်သားတဖက်ကိုလဲ ခွဲစိတ်ထုတ်ပြစ်ပြီးပြီ၊ ဓါတ်ကင်ဘို့ရာ တန်းစီဇယားရှည်ထဲမှာ စာရင်းသွင်းထားရလောက်ပြီလို့ မှန်းဆကြည့်မိပါတယ်။ စိတ်ဓါတ်ရေးရာတော့ မှန်းသာကြည့်ကြပေတော့။”

“စောစောသိလေ ကောင်းလေ” ဆိုတာ ရင်သား-ကင်ဆာမှာ သိပ်မှန်တယ်။ (မင်မိုဂရမ်) ရိုက်တာနဲ့ လက်နဲ့ စမ်းမတွေ့ခင် ကတည်းကနေ သိတယ်။ American Cancer Society ကနေ အသက် ၄ဝ ကျော်သူတိုင်း ဖြစ်နိုင်ခြေ အုပ်စုမှာပါနေရင် တနှစ်တခါ၊ ၅ဝ-၇၄ နှစ်ရှိသူတိုင်း ၂ နှစ်တခါစစ်ဘို့ ပြောထားတယ်။ သိရသလောက် မြန်မာပြည်မှာ Mammogram (မင်မိုဂရမ်) စက် မရှိသေးပါ။ တရုပ်ပြည်လုပ်စက်တွေက ဒေါ်လာ ၁ ထောင်ကနေ ၂ သိန်းအထိရှိပါတယ်။ ခရိုနီတွေ လှူရင်လဲ သာဓုသုံးကြိမ်တိတိ ခေါ်ပါမယ်။

မြန်မာပြည်မှာ ကျန်းမာရေးကဏ္ဍက ချို့ယွင်းနေတာတွေရေးရတာ အလွန်တရာ စိတ်မကောင်းပါ။ ဘယ်ဆရာဝန်၊ ဘယ်ဆေးခန်းလို့ နာမည်တပ်ပြီး ထောက်ပြယုံနဲ့ တစုံလုံးကို ပြင်ဘို့မှာ အထောက်အကူပြုမယ်မထင်ပါ။ အမှားဆိုတာ လူ့အမှား၊ ပစ္စည်းကရိယာအမှား၊ စီမံခန့်ခွဲမှုအမှား အမျိုးမျိုးရှိနိုင်ပါတယ်။ ကံတရားကလဲ ပြေးမလွတ်ပါ။

ကျွန်တော့်အလုပ်က အပြစ်ရှာရေး မဟုတ်ပါ။ ပြုပြင်တည်ဆောက်ရေးသာ လုပ်ချင်ပါတယ်။ ဘာတွေပြင်ရမလဲ၊ ဘယ်လိုပြင်ရမလဲ၊
ငါ ဘာကူနိုင်သလဲ။ ပေါင်နာချင်နာပါစေ ထောင်းနေပါမယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ
၃-၆-၂ဝ၁၃

1. Digital mammography machine with CE certificate, FOB Price: US $10,000-200,000 / Unit
2. MA9800 Mammography machine, FOB Price: US $1-100,000 / Set
3. Mammography machine with CE/FDA Certificate, FOB Price: US $20,000-40,000 / Unit
4. High Frequency Mammography Machine MD-M002, FOB Price: US $5,000-20,000 / Set
5. MO30 Mammography x-ray machine, FOB Price: US $1,000-3,000 / Set

Read more...

Tuesday, May 21, 2013

Chronic Epididymitis နာတာရှည် ယောက်ျားအကြောရောင်ခြင်း

Sat, May 18, 2013 at 4:03 PM
ကျွန်တော် Chronic epididymitis အကြောင်းသိချင်လို့ပါ။ ဆရာရေးထားတဲ့ Epididymitis အကြာင်းဖတ်ရပါတယ်။ ဒါကြောင့်လည်း ကျွန်တော့မှာဖြစ်နေတာ ဘာလည်းဆိုတာ သိရပါတယ်။ ကျွန်တော်က chronic epididymitis ကို ကုသနည်းသိချင်ပါတယ်။

Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်းကိုရေးပြီးပါပြီ။ အခုရေးမှာ က နာတာရှည်ဖြစ်နေတာ အတွက်ပါ။ ချက်ချင်းဖြစ်တာနဲ့ နာတာရှည်ဖြစ်တာ မတူကြပါ။ ၂ လ ၃ လနေလို့မှ မပျောက်ရင် အခုရေးတာကို စဉ်းစားပါ။ ဖြစ်တဲ့ဘက်မှာ တခြားဘက်ထက် ရောင်-ကြီးနေမယ်။ နှစ်ဖက်လုံးမှာလဲ ဖြစ်နိုင်ပါတယ်။

ယေဘုယျပြောရရင် ဘယ်ပိုး ကနေဖြစ်သလဲ မပြောနိုင်ပါ။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် မပါဘဲလဲဖြစ်နိုင်တယ်။
အမျိုးအစား (၁) တီဘီကလွဲပြီး တခြားပိုးကြောင့်ဖြစ်ခြင်း၊ ရက်တိုဖြစ်တာကနေ ပြန်ဖြစ်ဖြစ်လာတာမျိုး၊ ပိုးက လိင်ကတဆင့်ကူးတာ ဟုတ်နိုင်သလို မဟုတ်တာလဲဖြစ်နိုင်တယ်။
အမျိုးအစား (၂) တီဘီပိုးကနေဖြစ်ခြင်း၊
အမျိုးအစား (၃) အခြားအကြောင်းမျာကြောင့်ဖြစ်ခြင်း၊ Epididymal cyst အကျိတ်။ testicular cancer ကင်ဆာ။ Varicocele (ဗေရီကိုဆီးလ်) အကျောထုံးခြင်း၊ Vasectomy သားကြောဖြတ်ထားခြင်း၊ Amiodarone (Cordarone) နှလုံးခုန်မှန်အောင်ပေးရတဲ့ဆေး၊ Behcet's disease (ဘက်ဆက်) ရောဂါ။ Testicular torsion ခေါ်တဲ့ ကျား-အစေ့ လိမ်ခြင်းလို အရေးပေါ်ဖြစ်တာနဲ့ခွဲခြားရမယ်။ ဒါဖြစ်ရင် အတင်းနာပြီး အန်ချင်မယ်။ ဒီအချက်နဲ့ ခွဲခြားနိုင်တယ်။

ရောဂါလက္ခဏာများ
တဖြေးဖြေးချင်းအောင့်-နာလာမယ်။ ရောင်လာမယ်။ တဖက်တည်းဖြစ်တာများတယ်။ ဆီးအောင့်မယ်။ ဆီးခဏခဏ သွားချင်မယ်။ သွားချင်ရင် အမြန်ပြေးရမယ်။ ကိုယ်ပူနိုင်တယ်။ ဖျားရင် ချမ်းနိုင်တယ်။ ချက်ချင်းဖြစ်တာမျိုး အစပိုင်းမှာ ပန်းအဖျားပေါက်ကနေ အရည်တခုခုဆင်းချင်ဆင်းနိုင်တယ်။ နာတာက ပေါ်လိုက်သက်သာလိုက်လဲဖြစ်နိုင်တယ်။ တောက်လျှောက်နာနေတာလဲဖြစ်နိုင်တယ်။ ရက်တိုဆိုတာ ၃-၅ ရက်အတွင်းဖြစ်တယ်။ ၃ဝ-၄ဝ%က ဖြစ်နေပေမဲ့ မခံစားရဘူး။

စစ်ဆေးခြင်း
ဆီးထဲမှာ ၅ဝ% မယ်ဗက်တီးရီးယားတွေ့မယ်။ သွေးဖြူဥများနေမယ်။ ဆီးထွက်ပေါက်ကထွက်တာကိုစစ်ရင် ဂရမ်ပိုး အနုတ်ပြတဲ့ပိုးတွေ့နိုင်တယ်။ ဂနိုးရီးယားပိုနဲ့ (ကလာမိုင်းဒီးယား) ပိုးတွေ့နိုင်တယ်။ ဆစ်ဖလစ်နဲ့ HIV ကိုပါစစ်သင့်တယ်။ Voiding cystourethrogram (VCUG), Retrograde urethrography, Abdominal/pelvic ultrasonography, Radionuclide scanning and scintigraphy, Chest radiography, computed tomography, or excretory urography ဓါတ်မှန်နဲ့ ပုံရိုက်စစ်ဆေးတာတွေလုပ်နိုင်တယ်။

ဘယ်လိုကုသမလဲ
Antibiotics ပဋိဇီဝဆေးများ ၄-၆ ပါတ်ပေးတယ်။ Chlamydia trachomatis နဲ့ Neisseria gonorrhoeae လိင်ကတဆင့် ကူးစက်ပိုးတွေကို ဦးတည်ပြီး ဆေးပေးရမယ်။ ဖြစ်တဲ့နေရာကို လှုတ်ရှားမှုနည်းအောင်နေခိုင်းမယ်။ အနာသက်သာဆေး ပေးမယ်။ နာတာဆိုးရင် ရေခဲတင်ပေးရမယ်။ ခွဲစိတ်နည်းတွေကို လိုလာရင်လုပ်ရမယ်။ Epididymotomy နဲ့ Orchiectomy တွေရွေးရတယ်။

Antibiotics ပဋိဇီဝဆေးများ
1. Ceftriaxone (Rocephin)
• Uncomplicated gonococcal infections: 250 mg IM once
• Uncomplicated gonococcal infection of pharynx, cervix, urethra, or rectum: 250 mg IM once plus azithromycin or doxycycline
• Gonococcal conjunctivitis (off-label): 1 g IM once
• Disseminated Gonococcal infection (off-label): 1 g IV/IM qDay; for at least 24-48 hr after improvement observed, then continue with Cefixime 400 mg PO BID to complete at least 1 week of therapy
• Endocarditis 1-2 g IV q12hr for 4 weeks
• Meningitis 1-2 g IV q12hr for10-14 days

2. Doxycycline (Doryx, Vibramycin)
• Initial: 200 mg/day divided BD PO/IV x1 day; maintenance: 100-200 mg/day divided q12hr PO/IV
• STD Prevention = 100 mg PO BD x7 days; part of a 3-drug regimen that includes either ceftriaxone or cefixime, + metronidazole, + either azithromycin or doxycycline

3. Azithromycin (Zithromax)
• Gonococcal Urethritis/Cervicitis = 2 g PO once
• Nongonococcal Urethritis/Cervicitis = 1 g PO once
• Acute Pelvic Inflammatory Disease = 500 mg IV over 1 hour qDay for 1-2 days
• STD Prevention = 1 g PO as a single dose; part of a 3-drug regimen that includes either ceftriaxone or cefixime, PLUS metronidazole, PLUS either azithromycin or doxycycline

4. Ofloxacin (Floxin)
• Acute, Uncomplicated Urethral and Cervical Gonorrhea = 400 mg PO single dose
• Nongonococcal Cervicitis/Urethritis or Mixed Infection of Cervix/Urethra = 300 mg PO q12hr for 7 days
• Acute Pelvic Inflammatory Disease = 400 mg PO q12hr for 10-14 days
• Uncomplicated Cystitis Due to E. coli or K. pneumoniae: 200 mg PO q12hr for 3 days; Due to other approved pathogens: 200 mg PO q12hr for 7 days
• Complicated UTIs = 200 mg PO q12hr for 10 days

5. Ciprofloxacin (Cipro)
• UTI Acute uncomplicated = Immediate-release: 250 mg PO q12hr for 3 day; Extended-release: 500 mg PO q24hr for 3 days; Mild/moderate: 250 mg PO q12hr OR 200 mg IV q12hr for 7-14 days
• Severe/complicated: 500 mg PO q12hr OR 400 mg IV q12hr for 7-14 days
• Urethral & Cervical Gonococcal Infections Uncomplicated: 250 mg PO once

6. Trimethoprim-sulfamethoxazole (Bactrim, Bactrim DS, Septra, Septra DS)
• Urinary Tract Infections = DS tablet: 1 tab PO qDay
• Prophylaxis (off-label): Various regimens exist; may use regular strength tablet once/twice per week

7. Levofloxacin (Levaquin)
• Complicated UTI/Acute Pyelonephritis = 250 mg PO/IV q24hr for 10 days OR 750 mg PO/IV q24hr for 5 days
• Uncomplicated UTI = 250 mg PO/IV q24hr for 3 days

8. Ampicillin
• Gonorrhea Genitourinary Tract Infections (Excluding Gonorrhea) = 500 - 2000 mg IV q6hr
• GI Tract Infections = 500 mg IV q6hr; 3.5 g IV administered once simultaneously with 1 g of probenecid

9. Antituberculous drugs = Rifampin + Isoniazid + Pyrazinamide

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၃

Read more...

Monday, May 20, 2013

Crack and Fissure in the Nipple နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း

Crack ကွဲနေတာနဲ့ Fissure ကွဲကြောင်းဖြစ်နေတာ နဲနဲတော့မတူပါ။ Fissure ဆိုတာ Nipple နို့သီးထိပ်ရဲ့ အခြေနေရာမှာဖြစ်တယ်။ နာတယ်။ သွေးထွက်နိုင်တယ်။ ကလေးမှာ Thrush မှက္ခရုရှိနေရင် ဒီနေရာကတဆင့် ကူးလာနိုင်တယ်။
Crack ကွဲနေတာနဲ့ Fissure ကွဲကြောင်းဖြစ်နေတာ နဲနဲတော့မတူပါ။ Fissure ဆိုတာ Nipple နို့သီးထိပ်ရဲ့ အခြေနေရာမှာဖြစ်တယ်။ နာတယ်။ သွေးထွက်နိုင်တယ်။ ကလေးမှာ Thrush မှက္ခရုရှိနေရင် ဒီနေရာကတဆင့် ကူးလာနိုင်တယ်။

Fissure ဖြစ်နေတဲ့ဘက်ကို နို့မတိုက်သေးဘဲ ၂-၃ ရက်ထားသင့်တယ်။ crack ဆိုရင် ဆက်တိုက်နေလို့ ရတယ်။ ကလေးနို့တိုက်ပြီးတိုင်း နို့ကို ရိုးရိုးနေနဲ့ ဆေးကြောပေးပါ။ ပြီးရင် ခြောက်သွေ့စေပါ။ နို့သီထိပ်ဖျားကို စိုမနေပါစေနဲ့။ ဆပ်ပြာမသုံးပါနဲ့။ အတွင်းခံ (ဘရာ) သန့်တာ မကြာမကြာလဲပေးပါ။ နို့သီးထိပ်လေးတွေ နေ့တိုင်း လေသလပ်စေပါ။ Cream (ခရင်)၊ Oil ဆီလိမ်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကတည်းက လုပ်နိုင်ပါတယ်။ မုံညင်းဆီမသုံးပါနဲ့။

Cracked or Sore Nipple နို့သီးထိပ်နာနေခြင်း
နို့နာနေပေမဲ့ ကလေးကိုနို့ဆက်တိုက်ပါ။ သိပ်မနာတဲ့ဘက်ကနေ စတိုက်ပါ။ နို့တင်းနေရင် ညှစ်ပြစ်ပါ။ Aareola နို့အရောင်ရင့်အဝိုင်းကိုပါ ကလေးပါးစပ်ထဲဝင်ပါစေ။ နို့တိုက်မိခင်ဟာ ကလေးနို့တိုက်နေတုံးမှာ ကိုယ့်အနေအထား မကြာမကြာ ပြောင်းပေးပါ။ ဒါမှ ကလေးက နို့သီးဖျားကိုက်တာ သက်သာမယ်။ နို့သီးဖျားကို ကလေးကမဆွဲနိုင်အောင် အနေအထား ရွေးပါ။ နို့ကွဲနေတာထဲမှာ ကပ်နေတဲ့ ခြောက်နေတဲ့ နို့အဖတ်တွေကို ရှင်းဘို့ မကြိုးစားပါနဲ့။ နို့ကွဲတဲ့နေရာက သွေးနဲနဲထွက်နေတာက ကလေးပါးစပ်ထဲရောက်ပေမဲ့ စိုးရိမ်စရာမရှိပါ။ လိုအပ်ရင် Antiseptic cream ပိုးသေဆေး (ခရင်မ်) လိမ်းနိုင်တယ်။

http://www.ayurvediccure.com/breast_nipples.htm?fb_action_ids=313046152158708&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၃

Read more...

“Super Sex Bug” ဆူပါပိုး အစိုးရိမ်မကြီးပါနဲ့

New sex superbug could be global killer "(ဆူပါဘဂ်) သစ်ဟာ တကမ္ဘာလုံးမှာ သေစေလာက်အောင် ကြောက်စရာ ကောင်းတယ်" ဆိုတဲ့သတင်းကို ၁-၅-၂ဝ၁၃ နေ့က “ဆန်း” သတင်းစာမှာ စပြီးရေးလိုက်ပါတယ်။ ဒိနောက်မှာ Sex Superbug could be worse than AIDS "(အေအိုင်ဒီအက်စ်) ထက်ဆိုးတဲ့ (ဆူပါဘဂ်)" ဆိုတဲ့သတင်းကို ၂-၅-၂ဝ၁၃ နေ့က CNBC ကနေရေးလိုက်ပါတယ်။ ဒိနောက်မှာ Worse than AIDS - sex superbug discovered in Japan "(အေအိုင်ဒီအကစ်) ထက်ဆိုးတဲ့ လိင် (ဆူပါဘဂ်) ဂျပန်မှာတွေ့တယ်" လို့ ၆-၅-၂ဝ၁၃ နေ့မှာ ထပ်ထွက်လာပါတယ်။ မြန်မာ့သတင်းလောကထဲလဲ ရောက်လာပါပြီ၊ MRTV 4 ကနေ ၁၈-၅-၂ဝ၁၃ မှာ တင်ဆက်သွားပါတယ်။

HIV ပိုးက ဗိုင်းရပ်စ်ဖြစ်ပြီး ဒီပိုးသစ် “Super Sex Bug” ဆိုတာက ဗက်တီးရီးယားဖြစ်ပါတယ်။ ကူးစက်တာမြန်လွန်းလို့ ပိုဆိုးတာပါ။ ပိုးနာမည်ကတော့ HO41 ဖြစ်ပါတယ်။ ၂ဝဝ၉ ကတည်းက ဂျပန်မှာ လိင်လုပ်ငန်းလုပ်နေတဲ့ ၃၁ နှစ်အရွယ် အမျိုးသမီးဆီကနေ စတွေ့ထားတာပါ။ ဒိနောက် ပိုးဟာ ဟာဝိုင်ယီကို ၂ဝ၁၁ ထဲမှာ ရောက်ပါတယ်။ HO41 ပိုးဟာ ပဋိဇီဝဆေးတွေမှန်သမျှ မတိုးလို့ဆိုးတာလဲပါတယ်။

တိတိကျကျပြောရရင် HO-41 ကို ၁၂-၇-၂ဝ၁၁ နေ့မှာ ကနေဒါနိုင်ငံ ကွိဘက်မှာ ၄ ရက်တာကျင်းပတဲ့ International Society for Sexually Transmitted Disease Research (ISSTDR) နိုင်ငံတကာ လိင်ကတဆင့်ကူးစက်ရောဂါများ အသိုင်းအဝိုင်းကွန်ဖရင့်အပြီးမှာ ထုတ်ဖေါ်လိုက်တာဖြစ်ပါတယ်။

အမှန်က ဒီပိုးဟာ ဂနိုးရီးယား (ဆီးပူညောင်းကျ) ရောဂါပိုးသစ်ဖြစ်ပါတယ်။ ပိုးကူးစက်တာခံရရင် ရှော့ခ် ရမယ်။ ရက်ပိုင်းအတွင်းမှာ သေနိုင်တယ်။ ပိုးရှိနေပေမဲ့ အမျိုးသမီးတွေမှာ ၅ဝ%၊ အမျိုးသားတွေမှာ ၂-၅% ရောဂါလက္ခဏာ မပြဘဲရှိတတ်လို့ ကာကွယ်ရေးလုပ်ရတာ ခက်ပါတယ်။ ဂနိုးရီးယားပိုးက ဆေးယဉ်တာတွေ များများလာတာ အမှန်ဖြစ်တယ်။ Ceftriaxone ထိုးဆေးကို တခြားဆေးနဲ့ တွဲသုံးလာရတယ်။ Azithromycin ဒါမှမဟုတ် Doxycycline ပေးလေ့ရှိတယ်။ (ကွန်ဒွမ်) ကို စနစ်တကျ သုံးတာနဲ့ အတော်များများကာကွယ်နိုင်တယ်။ “လိုက်နာနိုင်ရင်တော့ အကောင်းဆုံးနည်းက လိင်မဆက်ဆံပါနဲ့။”

Superbugs ဆူပါဘဂ်အဆင့်လို့ သတ်မှတ်ခံထားရတဲ့ ဆေးမတိုးတဲ့ပိုးပေါင်း (၆) မျိုးရှိပါတယ်။
1. Klebsiella pneumonia နူမိုးနီးယားဖြစ်စေတဲ့ပိုး၊
2. Methicillin-resistant Staphylococcus aureus အနာဖြစ်စေတဲ့ပိုး၊
3. Clostridium difficile လေမကြိုက်တဲ့ အခွံနဲ့နေတဲ့ပိုး၊
4. Extensively Drug Resistant Tuberculosis တီဘီ၊
5. Drug-resistant Gonorrhea ဆေးမတိုးတဲ့ ဂနိုးရီးယား နဲ့
6. Shiga toxin-producing Escherichia coli အဆိပ်ထွက်စေတဲ့ (အီး-ကိုလိုင်) ပိုးတွေ ဖြစ်ပါတယ်။

အမေရိကားမှာ STDs လိင်ကတဆင့် ကူးစက်ခံရသူပေါင်း တနှစ်မှာ သန်း ၂ဝ ရှိတယ်။ ဂနိုးရီးယားလူနာ ၇ သိန်းပါတယ်။ ဆေးကုသစရိတ်က ၁၆ ဘီလျန်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ကွန်ဂရက်မှာ ဒီပိုးကို တိုက်ဖျက်ဘို့အတွက် ဒေါ်လာ ၅၄ သန်း တောင်းလိုက်ပါသတဲ့။

တချို့မီဒီယာသမားတွေက (ကျွန်တော်တို့နိုင်မှာသာ မဟုတ်ပါ) ဖတ်တဲ့သူ မျက်လုံးပြူးစေမှာမျိုးကို တင်ချင်တဲ့ ဝါသနာ ရှိကြတယ်။ ဆေးသုတေသနသစ်တွေကို သတင်းစာ၊ သတင်းဌာနကြီးတိုင်းကနေ နေ့တိုင်းတင်ပေးနေတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ “သုတေသနဆိုတိုင်း မကိုင်းရှိုင်းပါနဲ့” လို့ စာလေးတပုဒ်ရေးထားရတယ်။ ခေါင်းစဉ်လေးသာဖတ်ပြီး စိတ်ပျက်စရာ၊ အားတက်စရာတွေဖြစ်နိုင်ပေမဲ့ အခုမှစတွေ့တိုင်း လက်တွေ့နယ်မှာ အသုံးမကျသေးပါ။

မဆိုးတဲ့သတင်းကိုလဲ သိထားပါ။ AIDS ထက်ဆိုးတယ်လို့ တခြားဆရာဝန်တွေက လက်မခံပါ။ ခုထိတော့ ဒီပိုးကနေ သေတယ်လို့ သတင်းမထွက်သေးပါ။ ဟာဝိုင်ယီ၊ ကာလီဖိုးနီးယားနဲ့ နော်ဝေမှာ ဆင်တာတာတွေ တွေ့ပေမဲ့ လူနာတွေကို ပဋိဇီဝဆေးတွေနဲ့ နိုင်အောင်ကုနိုင်ထားတာမို့ ပိုးဟာ ဂျပန်မှာသာရှိသေးတယ်လို့ ယူဆနိုင်ပါတယ်။ ဥပမာ နယူးယော့ခ်က ဒေါက်တာ (ဘရုစ် ဟာ့ရှ်) ကလက်မခံပါ။ ပိုးဝင်လို့ (ရှော့ခ်) ရပြီး သေနိုင်ပေမဲ့ ၁% သာ ဖြစ်နိုင်တယ်။ AIDS မှာဆိုရင် ၉၈% သေနိုင်တယ်။ ခိုင်းနှိုင်းမှုလွန်ကဲလွန်းပါသတဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၃

Read more...

Thursday, May 16, 2013

Child sexual abuse ကလေးသူငယ် လိင်စော်ကားမှု

ကလေးသူငယ် လိင်စော်ကားမှု Child sexual abuse ဆိုတာ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ “အသက်မပြည့်သေးတဲ့ ကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်တာ” ကို ခေါ်ပါတယ်။ တိတိကျကျပြောရရင် “ကျူးလွန်သူကနေ ကလေးငယ်တွေကို လိင်ကျေနပ်မှု ရချင်လို့ နှိုးဆွမှုမှာအသုံးချတာ၊ လွှမ်းမိုးမှု၊ အယောင်ဆောင်မှု၊ အားသုံးမှု၊ ဆွဲဆောင်မှုတွေနဲ့ လိင်ကိစ္စအလို့ငှာ တလွဲအသုံးချတာ ဖြစ်တယ်။ ကလေးငယ်မရဲ့ အသက်ဟာ ဥပဒေအရရော ဇီဝကမ္မအရပါ သဘောတူညီချက် ပေးနိုင်ခြင်း မရှိသေးတဲ့အရွယ်ပါ။

အသက်မပြည့်ဆိုတာ ဘာလဲ
မဲပေးဘို့က ၁၈ နှစ်၊ အရက်ဝယ်ချင်ရင် ၁၈ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)၊ အရေးပေါ်တာဆေး ဝယ်ချင်ရင် ၁၅ နှစ် (မြန်မာပြည်မှာ အကန့်အသတ်မရှိ)။ သားအိမ်ဝကင်ဆာ ကာကွယ်ဆေးထိုးရမဲ့ အသက် ၉ နှစ်။ လိင်စော်ကားတာ ခံရနိုင်တဲ့အသက် တကမ္ဘာအလုံးမှာ အကန့်အသတ်မရှိ။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) သုတေသနတခုအဆိုအရ အဲလိုအမှုပေါင်း တနှစ် ၃့၆ သန်း တိုင်တန်းတာရှိတယ်။ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ၆ ယောက်မှာ ၁ ယောက်နဲ့ မိန်းကလေး ၄ ယောက်မှာ ၁ ယောက် အဲလိုမျိုး တနည်းနည်းနဲ့ စော်ကားခံနေကြရတယ်။ အသက်နဲနဲပိုကြီးလာလေလေ စော်ကားခံရတာ များလေလေ ဖြစ်တယ်။ ဥပမာ ၃ နှစ်အောက်ကလေးတွေက ၁ဝ% ရှိပြီး ၁၂ နှစ်အထက်က ၃၆% ရှိတယ်။ မသန်မစွမ်းဖြစ်နေကြသူ (အမြင်အားနည်း၊ အကြားအားနည်း၊ စိတ်ရောဂါသည်) ဖြစ်ရင် ပိုပြီး ခံရတဲ့နှုန်း မြင့်တယ်။

နမ်းခြင်း၊ မဖွယ်မရာ ကိုယ်ခန္ဓာနေရာ (လိင်အင်္ဂါ၊ နို့ နဲ့ တင်ပါး) တွေမှာ ထိကိုင်ခြင်း၊ အာသာဖြေခြင်း၊ ပါးစပ်-လိင်အင်္ဂါတွေ ထိစပ်ခြင်း၊ လိင်အင်္ဂါနဲ့ လက်ချောင်းထိုးသွင်းခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကြည့်စေခြင်း၊ အဝတ်အစား ဖေါ်ချွတ်စေခြင်း၊ နှုတ်အားဖြင့် လိင်စိတ်ဆိုင်ရာ စကားတွေပြောဆိုခြင်း၊ အခကြေးငွေယူတဲ့ လိင်လုပ်ငန်းမှာ အသုံးချခြင်း စတာတွေပါတယ်။ ထိတွေ့မှုမပါဘဲနဲ့လဲ ဖြစ်နိုင်တယ်။ ဥပမာ ကလေးသူငယ် ညစ်ညမ်းဗီဒီယိုလုပ်ငန်း။

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယား၊ ကျောင်းစိတ်ပညာရှင်များအသင်းရဲ့ ၂ဝ၁၁ ထုတ် လက်စွဲစာအုပ်ထဲမှာ အမျိုးအစား ၁ဝ မျိုးပါတယ်။
၁။ Rape အဓမ္မကျင့်ခြင်း (မုဒိန်း)
၂။ Sexual assault လိင်စော်ကားခြင်း၊
၃။ Involuntary deviate sexual intercourse သဘောမတူ ပြုကျင့်ခြင်း၊
၎။ Aggravated indecent assault မဖွယ်မရာပြုခြင်း၊
၅။ Molestation စော်ကားခြင်း၊
၆။ Incest အမျိုးခြင်းပေါင်းသင်းခြင်း၊
၇။ Indecent exposure မဖေါ်အပ်သည်ကို ချွတ်ဖေါ်ခြင်း၊
၈။ Prostitution ပြည့်တန်ဆာလုပ်ခြင်း၊
၉။ Sexual abuse လိင်တလွဲသုံးခြင်း
၁ဝ။ Sexual exploitation လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း

တလွဲအသုံးချခံရသူတွေဟာ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါဖြစ်တယ်။ အဖြောင့်သမား (ယောက်ျား+မိန်းမ) တွေကရော ဂေး (လိင်တူ) တွေကပါလုပ်တယ်။ ၂ဝဝ၉ ခုနှစ်က နိုင်ငံပေါင်း ၂၂ နိုင်ငံကို ဆန်းစစ်မှုလုပ်တော့ ဒီလိုတွေ တွေ့ရှိခဲ့တယ်။
(က) ကျူးလွန်ခံရသူတွေ
• မိန်းကလေး = ၁၉့၇%
• ယောက်ျားလေး = ၇့၉% (ခ) နေရာဒေသတွေ
• အာဖရိက = ၃၄့၎%၊
• အာရှ = ၂၃့၉%၊
• အမေရိက = ၁ဝ့၁%
• ဥရောပ = ၉့၂%၊ (ဂ) ကျူးလွန်သူတွေ
• ၆ဝ% အသိမိတ်ဆွေတွေ (အိမ်နီးချင်း၊ ကလေးထိန်း၊ ဆရာသမား၊ ကိုးကွယ်ထားသူတွေ)၊
• ၃ဝ% အမျိုးတော်သူတွေ၊
• ၁ဝ% တစိမ်းတရံတွေ၊
• ၁၄-၄ဝ% အရွယ်ရောက် အမျိုးသမီးတွေ၊
• ၆% အရွယ်မရောက်သေး မိန်းကလေးတွေ။

ကျူးလွန်သူတွေရဲ့ နောက်ကြောင်းကိုလိုက်ရင် သူတို့ဟာ အရင်ကလဲ အဲလိုလုပ်ဘူးသူတွေဖြစ်တတ်တယ်။ ၁၇-၁၂-၁၂ နေ့မှာ လူ ၂ ဦးကနေ အရွယ်မရောက်မိန်းကလေးတွေကို စော်ကားတယ်ဆိုတဲ့သတင်း ဘီဘီစီမှာ ပါခဲ့တယ်။ (ပေါလ် သောမတ်စ်) အသက် ၅ဝ ကနေ အမှုပေါင်း ၂၅ ခုနဲ့ အသက် ၄ဝ ရှိ (ဂျယ်ရီ လီ) မှာ အမှုပေါင်း ၃ မှုကို ၁၄ နှစ်အတွင်းမှာ ကျူးလွန်ခဲ့ကြတာဖြစ်တယ်။ ကျူးလွန်းသူတွေဟာ အရက် ဒါမှမဟုတ် မူးယစ်ဆေး သုံးစွဲသူတွေဖြစ်တတ်တယ်။ သူတို့ဟာ အသက်ပြည့်သူတွေနဲ့ဆိုရင် လိင်ကျေနပ်မှုအရနည်းသူ၊ စိတ်လှုတ်ရှားမှုကို မထိန်းနိုင်သူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ ဖြစ်တာတွေ့ရတယ်။

စော်ကားခံထားရသူတွေ ဘယ်လိုနေမလဲ
• ၄ဝ% မှာ လက္ခဏာမပြပါ။ မပြဘူးဆိုတာ အကောင်းပကတိတော့ မဟုတ်ပါ။
• ခံစားရမှာတွေက ရေတိုနဲ့ ရေရှည် ကျန်းမာရေးထိခိုက်တာတွေဖြစ်တယ်။ စိတ်ကျန်းမာရေး၊ စိတ်လှုတ်ရှားမှု ရုပ်ပိုင်းနဲ့ လူမှုရေးပိုင်းတွေမှာ အနုတ်သဘောတွေ အနည်းနဲ့ အများ သက်ရောက်တာ ခံကြရတယ်။
• စိတ်ဓါတ်ကျခြင်း၊ အပြစ်ရှိနေတယ်လို့ ခံစားနေရခြင်း၊ ကြောက်စိတ်ဝင်နေခြင်း၊ ဒဏ်ခံရပြီးနောက် စိတ်ဖိအား များနေခြင်း၊ သီးခြားနေလိုစိတ်နဲ့ စိုးရိမ်စိတ်ကဲနေခြင်း၊ အစားအသောက်မှာ ပြဿနာရှိခြင်း၊ ကိုယ့်ကိုယ်ကို အထင်သေးခြင်း၊ စတာတွေဖြစ်နေနိုင်တယ်။
• အမူအယာပြဿနာတွေလဲ ရနေနိုင်တယ်။ ကျောင်းမှာ စာသင်ရတာ စိတ်ဝင်စားမှုနည်းလာတာ၊ မူးယစ်ဆေးဝါး လိုက်စားချင်လာတာ၊ ဖျက်လိုဖျက်ဆီး လုပ်ချင်စိတ်ပေါက်တာ၊ ရာဇဝတ်မှုကျူးလွန်ချင်လာတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ဝင်လာတာတွေ။
• လိင်ကိစ္စမှာ ပေါ့ပေါ့တွက်ရာကနေ စိတ်ချရတဲ့ လိင်ဆက်ဆံရေးကို လိုက်နာတာနည်းလို့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုရကြတယ်။ မီးကောင်ပေါက်အရွယ်မှာ မလိုချင်တဲ့ ကိုယ်ဝန်ရတာ ၂၅% ရှိတယ်။
• ၂ဝ၁ဝ ခုနှစ်တုံးက ကလေးပေါင်း ၁၅၃၇ ယောက်ဟာ ဒီလိုခံရတာတွေနဲ့ ဆက်စပ်ပြီး သေဆုံးခဲ့ကြရတယ်။
• တကြိမ်တခါ မဖွယ်မရာအပြုခံရဘူးသူတွေဟာ တနည်းနည်းနဲ့ ထပ်စော်ကားခံရတာတွေလဲ တွေ့ရတယ်။

အွန်လိုင်း မယဉ်ကျေးမှု သတိပြု
အမေရိကားမှာ အသက် ၂၁ နှစ်သား (ဒီဗွန် ကင်န်) ကနေ ၁၃ နှစ်သမီးလေးကို ဖေ့စ်ဘွတ်မှာတွေ့ပြီး ဆက်ဆံတဲ့အထိ ဖြစ်ခဲ့တယ်။ အမှန်က မိန်းကလေးကိုယ်တိုင်က ၁၈ နှစ်ပြည့်ပြီလို ညာခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်မှာက ဖေ့စ်ဘွတ်ကို သုံးကြတာများတယ်။ နာမည်ရင်းမဟုတ်သူကများပြီး About မှာ လိမ်ညာထားသူတွေလဲ မနည်းဘူး။ သတိပေးချင်တာက သားကောင်လဲဖြစ်နိုင်ပြီး ရာဇဝတ်သားလဲ ဖြစ်နိုင်တယ်။

၂ဝ၁၁ မတ်လထဲမှာ ဥရောပရဲအဖွဲ့ Europol ယူရိုပိုလ် ကနေ အဖွဲ့ဝင်ပေါင်းက ၆၇ဝ ရှိတဲ့ အွန်လိုင်းရာဇဝတ်မှုဂိုဏ်း Paedophile ring ဆိုတာကိုဖြိုခွဲပြီး ကလေးပေါင်း ၂၃ဝ ကိုကယ်ခဲ့ရတယ်။ Pedophilia ဆိုတာ စိတ်ရောဂါတမျိုးသာ ဖြစ်တယ်။ ၁၆ နှစ်သားလေးတွေကနေ အသက် ၁၁ နှစ်အရွယ် အပျိုဘော်မဝင်သေးတဲ့ မိန်းကလေးတွေအပေါ်မှာ အထူးစိတ်ဝင်စားတာကိုခေါ်ပါတယ်။

ဘာသာရေး
မြန်မာပြည်မှာ ဘာသာရေးမုန်းတီးမှုတွေ ဖြစ်နေသေးချိန်မှာ ရေးတော့မရေးချင်ပါ။ ဒါပေမဲ့ သတိထားစရာ စုံစေ့ချင်လို့ ထည့်ပါရစေ။ ၆-၁၁-၂ဝ၁၂ နေ့သတင်းတခုထဲမှာ ဗြိတိန်မှာ မွတ်ဆလင်တွေကနေ စောင့်ရှောက်ရေး ဂေဟာတွေမှာ အရွယ်မရောက်သေးတဲ့၊ ခုခံမှုလည်း အားနည်းနေတဲ့ မိန်းကလေးတွေကို အုပ်စုလိုက် အဓမ္မကျင့်ကြတယ်လို့ ပါခဲ့တယ်။ သတင်းကိုတင်တဲ့အခါ ရှေးခေတ် အော်တိုမန် တာ့ခ်တွေကနေ ဆားဗီးယန်း အော်သိုဒေါက်စ် ဘရားကျောင်းထဲမယ် ခရစ်ယန်အမျိုးသမီးတွေကို အုပ်စုလိုက် အဓမ္မဆက်ဆံမှုပြုနေကြတဲ့ ပန်းချီကားနဲ့ တွဲထားပါတယ်။ လန်ကရှိုင်းယား နဲ့ လီဗာပူးမှာ ဖြစ်ခဲ့တာကတော့ ဘာသာသူတူ မွတ်ဆလင် မိန်းကလေးငယ်တွေဖြစ်ပါတယ်။

အခုရဟန်းမင်းကြီးရဲ့အရင် (ပုတ်ပ်) လက်ထက်မှာ လိင်နဲ့ဆိုင်တဲ့သတင်းတွေ အများကြီးထွက်ခဲ့ပါတယ်။ တခြား ဘာသာတွေမှ မဟုတ်ပါ။ သင်္ကန်းဝတ်နဲ့ မတော်တရော်ပုံတွေ၊ ဗီယိုတွေ တွေ့နေကြတယ်မဟုတ်ပါလား။ ဘာသာရေးသာ မဟုတ်သေးပြန်ပါ။ ပျောက်စေဆရာ၊ ဗေဒင်ဆရာတွေလဲ ပါတာဘဲ မဟုတ်ပါလား။

ဘယ်လိုတာကွယ်မလဲ
• အသိတွေ၊ မိတ်ဆွေ (ဖေ့စ်ဘွတ် ဖရင်းတွေလဲပါတယ်)၊ အိမ်နီးချင်းတွေကို ကြပ်ကြပ် သတိထားပါ။
• တစိမ်းတရံမှန်ရင် စကားတောင်သွားမပြောနဲ့ ဥပဒေသ ဒီနေရာမှာ သိပ်အသုံးမကျပါ။
• အမျိုးတော်တာဘဲ ပွေ့ဖက်နမ်းရှုံ့တာ ကိစ္စမရှိပါ မလုပ်ပါနဲ့။
• မမြင်ကွယ်ရာမှာ အမျိုးတော်တော်၊ အသိဖြစ်ဖြစ် ဘယ်သူနဲ့ထားခဲ့ရပါစေ၊ စိတ်မချပါနဲ့။
• အများကြည်ညိုခံရတဲ့ ပုဂ္ဂိုလ်ဘဲဆိုပြီး ကိုယ့်ကလေးကို လွှတ်ထားမပေးပါနဲ့။
• ကိုယ့်ကလေးနဲ့ကိုယ် ဆက်သွယ်ရေး ကောင်းကောင်းထူထောင်ပါ။ မေးတာကို အားပေးပါ။ ဖြေရာမှာ အားမနည်းပါနဲ့။
• မမှန်ဘူးထင်တာကို ပြန်ပြောဘို့၊ တိုင်တန်းဘို့ အားပေးပါ။ တရားဥပဒေက ခွင့်ပြုတာလဲ သင်ပေးပါ။
• ကိုယ့်ကလေးကိုယ် လိင်ကျန်မာရေး အခြေခံလောက်သင်ထားပေးပါ။ လိုအပ်ရင် ဆရာဝန်အကူအညီယူပါ။

ကလေးတွေကို လိင်မှုဆိုင်ရာ မဖွယ်မရာသတင်းတွေ (ဂူဂယ်လ်) မှာ ရိုက်ရှာရင် တသီတတန်းကြီး တွေ့ပါလိမ့်မယ်။ ဗာတီကန်စီတီး၊ ပင်တာဂွန်၊ ဟောလိဝုဒ်၊ နာမည်ကြီး ထိပ်သီးတွေပါနေတယ်။ သူများတွေဆီမှာ အဲလောက်တောင် ဖြစ်နေသလား၊ မကဲ့ရဲ့ပါနဲ့။ ကိုယ့်ဆီမှာ ဂူဂယ် ရှာဖွေအင်ဂျင်က ဝင်မရလို့သာ လူမမယ် မြန်မာကလေးတွေ ဘယ်လောက်ထိ စော်ကားမှုခံနေရသလဲ မသိနိုင်တာသာ ဖြစ်ပါမယ်။ ပြုပြင်စရာတွေ သိန်းခြောက်သောင်းထဲမှာ ဒီအကြောင်းလဲ ထည့်ကြပါခင်ဗျား။ “အရွယ်ငယ်သေး မိန်းကလေး စော်ကားခံရမှုဘေးက ဝေးကြပါစေ။”

ဒေါက်တာတင့်ဆွေ
၁၆-၅-၂ဝ၁၃

Read more...

Sunday, May 12, 2013

Diet for breastfeeding mother နို့တိုက်မိခင် ဘာစားချင်လဲ

“မိခင်များနေ့” အမီ မေးခွန်းရှိလို့ ဒီစာလေးရေးပါတယ်။ မိခင်နို့တလုံးဘိုးကျေကြပြီလား ဆန်းစစ်ကြရအောင်ဗျား။

“ကြုံကြိုက်ကြိုး၍၊ ပြည့်ဖြိုးအောင့့်၊ မိခင်နို့ဘိုး၊ အဘကျိုးကို၊ ဖောင်ဖြိုးနားဝယ်ထောင်လော။ ရှို့း့”

• နို့ရည်ဟာ အရေအတွက်ရော အရည်အသွေးပါ ကောင်းဘို့ လိုတယ်။ အစားအသောက်အပေါ်မှာ မူတည်တယ်။
• ကိုယ်ဝန်ဆောင်နေတုံးမှာ စားရမှာတွေသာ ဆက်စားပါလို့ ပြောရင်မမှားပါ။
• နို့တိုက်မိခင် တယောက်ဟာ တနေ့မှာ ၅ဝဝ ကယ်လိုရီ ပိုစားဘို့လိုတယ်။ ဒါကြောင့် အစားပိုစားရမယ်ဆိုတာ အခြေခံဖြစ်တယ်။
• ကလိုရီ တနေ့မှာ ၂၅ဝဝ စားသုံးပါ။ ၃ လကျော်ရင် ၂၈ဝဝ ကလိုရီစားပါ။
• တနေ့ ၄-၅ ထပ်စားနိုင်တယ်။ “ကလိုရီတွက်မနေနဲ့ ဆာရင်စား” ဆိုတဲ့ ဥပဒေသလဲ သုံးနိုင်ပါတယ်။
• ကလေးမိခင်ကနေ တနေ့မှာ နို့ရည် ၂၃ -၂၇ အောင်စ (၆၅၂ - ၇၆၅ ဂရမ်) ထွက်ပါတယ်။
• ကလေးဟာ မိခင်နို့ကနေ တနေ့မှာ ကလိုရီ ၁ဝဝဝ လောက်ရနေသင့်တယ်။
• ချွေးပိုထွက်တာ သတိထားပါ။ ရေပိုသောက်ပါ။ တနေ့မှာ ရေ ၂့၅ လီတာကနေ ၃ လီတာ သောက်ပါ။ ဒိထက်များတာတော့ မသင့်ပါ။ နို့ရည်လိုတာထက် ပိုထွက်နိုင်တယ်။
• အစားအသောက်ထဲမှာ အမယ်စုံရမယ်။ အာဟာရဓါတ် ၇ မျိုး = Carbohydrates (ကာဗွန်ဟိုက်ဒရိတ်)၊ Proteins ပရိုတင်း၊ Fats အဆီ၊ Vitamins ဗီတာမင်များ၊ Minerals ဓါတ်ဆားများ၊ Fiber (ဖိုင်ဗာ)နှင့် ရေ။
• ပရိုတင်း (အသား၊ ဥ၊ ပဲအမျိုးမျိုး) ပိုစားပါ။ တနေ့မှာ ကိုယ်အလေးချိန် ၁ ပေါင်ရှိသူက ၁ ဂရမ် ပုံသေနည်း သုံးနိုင်ပါတယ်။
• ဒီထဲမှာ Calcium ကယ်လ်စီယမ် ၁ ကွာတ (၄ဝ အောင်စ) မှာ ၃၃ဝ မီလီဂရမ်ပါတယ်။ တနေ့မှာ Calcium 1,200 milligrams လိုတယ်။
• ကိုယ်ဝန်ဆောင်ကတည်းက သောက်ခဲ့ရတဲ့ Vitamin B 9 ခေါ်တဲ့ Folic acid ဖေါလစ်အက်စစ် လိုမယ်။
• Zinc သွပ်ဓါတ်လိုမယ်။ တနေ့မှာ 15 to 20 milligrams လိုတယ်။
• Vitamin A မလိုပါ။
• ဆီ-အဆီကိုတော့ ကောင်းတာရွေးသုံးပါ။ Saturated fats နည်းစေပါ။ Trans fats ရှောင်ပါ။
• အမွှေးနံ့သာထည့်တာ သိပ်ဂရုစိုက်စရာ မလိုပါ။ အစပ်စားတာတောင်မှ အလွန်အကျူးရှောင်စရာမလိုပါ။ အရသာတွေ့မှ များများစားနိုင်တယ် မဟုတ်ပါလား။
• Calcium ထဲမှာ Vitamin D ပါတာကပိုကောင်းတယ်။ Vitamin D 600 IU (15 micrograms) (4,000 IU ထက်မပိုစေရပါ။)
• မိခင်နို့တမျိုးထဲကနေ ကလေးအတွက် ဗီတာမင် ဒီ မလုံလောက်ပါ။ American Academy of Pediatrics ကနေ အကြံပြုထားတာကတော့ 400 IU (10 micrograms) ကလေးကို တိုက်ပါလို့ဖြစ်တယ်။
• Docosahexaenoic acid (DHA) = Omega-3 fatty acid ငါးထဲကရတယ်။ American Academy of Pediatrics ကနေ 200 to 300 mg DHA လိုတယ်လို့သတ်မှတ်ပါတယ်။
• တခြားအချိန်တွေမှာလိုဘဲ အစားအသောက်ထဲ ပိုးသတ်ဆေးတွေ၊ ဟော်မုန်းဆေးတွေပါတာကို ရှောင်ပါ။ အော်ဂဲနစ်အစားအသော်တွေ ရွေးစားပါ။
• ကေဖင်း (ကော်ဖီ) လျှော့သောက်ပါ။
• နေမကောင်းလို့ဆေးသောက်တာမှာတော့ ဆရာဝန်ကို အရင်တိုင်ပင်ပါ။ ပိုးသေဆေး၊ ဆာလ်ဖါဆေး၊ ဝမ်းနုတ်ဆေး၊ အိုင်အိုဒင်းပါတဲ့ဆေးတွေက နို့ထဲပါလာနိုင်တယ်။
• အရင်ကဆိုရင် အရက်ဆေးလိပ် မပြောစရာမလိုဘူး။ ခုခေတ်မှာ လူငယ်လူရွယ်တွေ မိန်းကလေးတွေပါ ဘီယာ၊ အရက် “မယဉ်ကျေးမှု” ကို အဟုတ်ထင်နေကြတာ စိတ်မကောင်းပါ။ ကိုယ့်ကလေးချစ်ရင် ဆင်ခြင်ကြပါ။

သိဒတ္ထမင်းသားကိုမွေးပြီး သူ့မိခင်ဟာ ၇ ရက်သာ အသက်ရှင်လို့ မိထွေးတော်ကနေ ဆက်ပြီး နို့ချို တိုက်ကြွေးခဲ့ရတယ်။ မိထွေးတော်ရဲ့ နို့ဖိုးအကြွေးကို မြတ်စွာဘုရားကနေ ဓမ္မနို့ရည်နဲ့ ပြန်ဆပ်ခဲ့လို့ ဂေါတမီ ထေရီမကြီး အကျွတ်တရား ရသွားစေခဲ့တယ်။

• Nutrition Facts အမြစ်-အသဲ ခွဲသိရအောင် http://dts-medicaleducation.blogspot.in/2011/03/nutrition-facts.html
• Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html
• Omega-3 (အိုမီဂါ သရီး) ဘာလို့ နာမည်ကြီး http://dts-medicaleducation.blogspot.com/2011/11/omega-3.html
• Organic Food (အော်ဂဲနစ်) http://dts-medicaleducation.blogspot.com/2010/09/organic-food.html
• Trans fats အညာသားများ ဆီစားကြသည် http://my-sayawun-life.blogspot.in/2010/10/trans-fats.html
• Folic acid ဖေါလစ်-အက်စစ် http://dts-medicaleducation.blogspot.com/2011/11/folic-acid.html
• Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
• Zinc သွပ်ဓါတ် http://dts-medicaleducation.blogspot.com/2010/12/zinc.html

ဒေါက်တာတင့်ဆွေ
၁၂-၅-၂ဝ၁၃

Read more...